Image

ဗိုက် ပြသနာ ဘယ်လိုရှာ....

ခန္ဓာကိုယ်တခုမှာ ဘယ်အင်္ဂါ က အရေးအကြီးဆုံးလည်း ။
ရှိရှိ သမျှ အင်္ဂါတွေအားလုံး သူ့ နေရာနဲ့သူ အရေးကြီးကြတာချည်းပါပဲ ။ ဦးနှောက်အာရုံကြောတွေ၊ သွေးလှည့်ပါတ်တဲ့စနစ် မှ နှလုံးနဲ့ သွေးကြောတွေ၊ အသက်ရှုလမ်းကြောင်း အတွက် အဆုပ်နဲ့လေပြွန်တွေ ။ အစာခြေလမ်းကြောင်းအတွက် ပါးစပ်မှ စပြီး စအိုဝ အထိအစာအိမ် အူ၊အသည်း၊ သည်းခြေ ၊ အညစ်အကြေး အဆိပ်အတောက်တွေ စွန့်ပစ်ဖို့ ကျောက်ကပ် ဆီးလမ်းကြောင်း၊ အားလုံး အရေးကြီးကြပါတယ်။ ရောဂါတခုခု ဖြစ်လာရင် ဘာရောဂါ ဖြစ်မှန်းသိရအောင် ကိုယ်ခန္ဓာမှ ပုံသဏ္ဍန် အမျိုးမျိုးနဲ့  ကျွန်ုပ်တို့ ကို အကြောင်းကြားပါတယ် ။

အဲ့ဒါတွေကို ရောဂါ လက္ခဏာ လို့ (Sign & Symptom) ခေါ်ပါတယ်။ ဥပမာ ဗိုက်အောင့်တယ်၊ ခေါင်းကိုက်တယ် ၊ ခေါင်းမူးတယ်၊ ရင်ဘတ်အောင့်တယ်၊ရင်တုန်တယ်၊ အန်တယ်။ ဝမ်းလျှောတယ်။ ဆီးကျင်တယ် စသဖြင့်ပေါ့ ။အဲ့ဒီအခါကျ ခေါင်းမူးရင် ဘယ်လိုပုံနဲ့ မူးရင် ဘာရောဂါကြောင့်ဖြစ်နိုင်တယ်၊ရင်ဘတ် ဘယ်နေရာမှာအောင့်ရင်ဘယ်လိုအောင့်ရင်ဘာရောဂါဖြစ်နိုင်တယ် ဆိုတာ အကြမ်းဖျင်း သိနိုင်ပါတယ်။ အတိအကျ သိဖို့ရာကတော့ ကျွမ်းကျင်သူပညာရှင်များမှ ဆက်ပြီးရောဂါ ရှာဖွေစစ်ဆေး ပေးလို့ ရပါတယ် ။ခု ပြောပြချင်တာကတော့ ဗိုက် ပြသနာ များ ပါပဲ ။

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ ဆိုတဲ့ စကားအတိုင်း ဝမ်းဗိုက်ပြသနာ ရှိနေခဲ့ရင် ခေါင်း အထိအောင် ပြသနာ ဖြစ်လာတတ်ပါတယ် ။ ခေါင်းကိုက် ခေါင်းခဲ ခေါင်းမကြည်မလင်နဲ့ နေရထိုင်ရတာ မသက်သာလှပါဘူး။

လူတိုင်း ဗိုက်အောင့် ဗိုက်နာဖူးကြမှာပါ ။ အနည်းဆုံး ကတော့ ဝမ်းသွားချင်တဲ့ အခါမျိုးမှာ ဗိုက် နဲနဲ ရစ် တာမျိုးလောက်တော့ ခံစားဖူးကြမှာပါ ။ဗိုက်နာတဲ့ အတိုင်းအဆ ပြင်းထန်မှု၊ နာကျင်ပုံ နာကျင်နည်း၊ နာတဲ့နေရာ ။သူနဲ့တွဲဖက်ပြီး ပြတတ်တဲ့ တခြား လက္ခဏာများကိုကြည့်ပြီး သူ့ မှာ ဘာရောဂါ ဖြစ်နိုင်ချေရှိသလည်း ဆို တာကို မှန်းဆလို့ ရပါတယ် ။

ခု ဒီအကြောင်းပြောပြချင်တာကတော့ ကိုယ့်ဟာကိုယ် ရောဂါရှာပြီး ကိုယ့်ဟာကိုယ် ကုသဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး ။ သာမာန်ဗဟုသုတမျိုး အနေနဲ့ ကိုယ့်ခန္ဓာကိုယ် ရဲ့  ဘယ်နေရာမှာ ဘာအင်္ဂါ အစိတ်အပိုင်းတွေ ရှိသလည်း ဆိုတာသိထားရင် အနည်းဆုံးတော့ မိမိမှာ ဘယ်လိုရောဂါ ဖြစ်နိုင်လိမ့်မလည်းလို့ အချိန်မဆွဲပဲ သိနိုင်အောင်ပါ ။

ဒီတော့ ဗိုက်နဲ့ပါတ်သက်ပြီး တည်နေရာ အနေအထား နဲ့ သူ့ အတွင်းဖက်က အစိပ်အပိုင်းတွေကို လွယ်လွယ် သိရအောင် ဗိုက်တပြင်ကို အကွက် ၄ ကွက် အကြမ်းဖျင်း ခွဲခြား သတ်မှတ်ထားပါတယ်။ ပုံမှာပြထားသလို အပေါ်၊ အောက်၊ ဘယ်၊ ညာ ဆိုပြီး ခွဲထားတဲ့အတွက် Left Upper Quadrant (LUQ), Left Lower Quadrant (LLQ), Right Upper Quadrant (RUQ), and Right Lower Quadrant (RLQ).လို့ ရေးသားကြပါတယ် ။
ပိုပြီး တိကျ အောင်ဖေါ်ပြလိုရင်တော့ အကွက် ၉ ကွက် ဖေါ်ပြကြပါတယ်။

ဗိုက်သားပြင်ရဲ့ အတွင်းဖက်ကိုယ်တွင်းခေါင်းမှာ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓိကအားဖြင့် ဒီလို ခွဲခြားထားပါတယ်။

၁-အစာခြေဖျက်ခြင်းနဲ့ဆိုင်တဲ့-အစာမြိုရေမြိုပြွန်ရဲ့  အောက်ဆုံးအပိုင်း(the end of the esophagus),အစာအိမ်( stomach), အူသိမ်နှင့်အူမကြီး (small and large intestines), အသည်း (liver), သည်းခြေ(gallbladder),မုန့်ချိုအိတ် ခေါ် သရက်ရွက်( pancreas)။

၂-ဝမ်းဗိုက်အတွက် နှလုံးသွေးလွှတ်ကြောမကြီးနှင့်သွေးကြောများ(The abdominal aorta)။

၃-အူအတက်(The appendix)- အူသိမ်အဆုံးပိုင်း နှင့် အူမကြီးအစပိုင်း ဆက်သွယ်ရာ နေရာမှာ ရှိပြီး အရေးကြီး လုပ်ငန်းတာဝန် မရှိ။

၎-ကျောက်ကပ် နှစ်လုံး( The kidneys) ဘယ် ညာ နှစ်ဖက် ၊ ဝမ်းဗိုက်ရဲ့ နောက်ဖက် အတွင်းပိုင်းတွင် ပဲစေ့ပုံသဏ္ဍန်ရှိပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက် အညစ်အကြေးများကို ဆီးအဖြစ် စွန့်ထုတ် နိုင်အောင် ဆောင်ရွက်ပေး ပါတယ်။

၅-ဘေလုံး ( spleen) ဗိုက်ရဲ့ ဘယ်ဖက် အပေါ်အနောက်ဖက်နေရာမှာ တည်ရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး နဲ့ သွေးလှည့်ပတ်ရေးအတွက် တာဝန်ရှိပါတယ်။

အဲ့ဒီ အင်္ဂါ အစိပ်အပိုင်းတွေမှာ ပြသနာ တခုခု ဖြစ်လာရင် သူနဲ့ ဆိုင်တဲ့ နေရာမှာ နာတတ်တယ် အောင့်တတ်တယ် ။ ဗိုက်နာတယ် ဆိုရင် နာတဲ့နေရာ( location of pain) နဲ့ နာပုံနာနည်း (Type of pain) -( အောင့်ပြီးနာသလား ၊ တပြင်လုံး နာသလား၊ တနေရာတည်း စူးပြီးနာသလား၊ ရစ်ပြီးနာသလား) ။onset of pain ( ရုတ်တရက် နာသလား၊ ရက်ရှည်နာနေတာလား Acute or Chronic) စတာ တွေဟာ ရောဂါရှာဖွေသတ်မှတ်ရေး( Diagnosis )အတွက် အရေးကြီးပါတယ်။

အခု ပြောချင်တာကတော့ ရုတ်တရက် ဗိုက်နာခြင်း (Acute Abdominal Pain) အကြောင်းပါ။

.တခါတလေလည်း ဝမ်းဗိုက်ကြီးက မျက်လှည့် ပြတတ်ပါသေးတယ် ။ အခု ဒီနေရာမှာ စ အောင့် နေပေမဲ့ ခန ကြာတော့ နေရာပြောင်းသွားတတ်တာ လည်းရှိပါတယ် ။ ဥပမာ - အူအတက်ယောင်လို့  ဗိုက်နာတယ်ဆိုရင် သူက RLQ မှာရှိနေပေမဲ့ စစချင်းမှာ အစာအိမ် အောင့်သလို မျိုးနဲ့ ခပ်ဆင်ဆင် နာပြတတ်ပါတယ် ။ ရင်ညွန့် မှ စအောင့်ပြီး နာရီ အနည်းငယ်အတွင်း ဒါမှမဟုတ် ရက် အနည်းငယ် ၁ ရက် ၂ ရက်လောက်ကြာမှ သူရှိနေတဲ့ ညာဘက် အောက်ပိုင်း ကို ရွှေ့ ပြီး နေရာမှန် မှာ နာလာတတ်ပါတယ်။ အဲလို နာတာ အပြင် အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်အပူချိန် အနည်းငယ်တက်ခြင်း စတဲ့ လက္ခဏာတွေပါ ရှိနိုင်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဗိုက်အောင့်ခြင်းမျိုး (Acute Abdomen )ဆိုရင် အနီးကပ် စောင့်ကြည့်ခြင်း ( close Observation) က အရေးကြီးပါတယ်။ အဲ့လို စောင့်ကြည့်နေစဉ်မှာ လူနာကို ဘာ အစားအစာ၊ ရေ ၊ မျှ မပေးရပါဘူး ။ တကယ်လို့  အူအတက်ယောင်တာကြောင့် နာတာဆိုရင် အချိန်မရွေး ခွဲစိပ်ကုသဖို့ လိုအပ်တာမို့ ၊ အန္တရာယ် ကင်းစွာ မေ့ဆေးပေးလို့  ရအောင် ပါ။

အလားတူစွာ Refer Pain များရှိတတ်တဲ့ ရောဂါများလည်း ရှိပါသေးတယ် ။ ဥပမာ နှလုံးကြွက်သားသွေးမလုံလောက်လို့ ရင်ဘတ် အောင့်တဲ့ အခါ ၊တခါတလေကျရင် ဘယ်ဘက် ပုခုံး နဲ့ မေးရိုး လည်ပင်း နေရာများမှာလည်း အောင့်နေတတ်ပါတယ်။ အဲ့ဒါတွေက ဘာကြောင့်ဖြစ်ရသလည်း ဆိုတော့ ဒီ အင်္ဂါအစိတ်အပိုင်း နှစ်ခုစလုံးအတွက် ထောက်ပံ့ထားတဲ့ အာရုံကြောက တခုထဲ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။

အဲဒီ အထဲမှာ အများဆုံး နာတတ် အောင့်တတ်ကြတာ တွေကတော့
-Epigastric ရင်ခေါင်းရင်ညွန့် နေရာမှာဆိုရင် အများအားဖြင့် - အစာအိမ်(Gastritis) ၊ အူသိမ်ဦးပိုင်းယောင်ယမ်းခြင်း(Duodenitis)၊ အနာပေါက်ခြင်း(ulcer) သည်းခြေပြွန်ယောင်ယမ်းခြင်း (Cholecystitis Cholangitis) ၊ အသည်းယောင်ခြင်း(Hepatitis)၊ သရက်ရွက် ယောင်ခြင်း (Pancreatitis) ၊ သွေးယိုခြင်း စသဖြင့်။

တချို့ ဖြစ်နိုင်ခြေရှိတာတွေကတော့ -နှလုံးကြွက်သား အမြှေးပါးယောင်ခြင်း(Pericarditis Myocardial Infarct)၊ အဆုပ် ၊ အမြှေးပါးယောင်ခြင်း (Pneumonia, Pleurisy ,Pneomothorax)၊ရင်အုပ်နဲ့ ဝမ်းတွင်းခေါင်းခြားထားတဲ့အရွတ်ပြားအောက်တွင်ပြည်တည်ခြင်း (Subphrenic abscess)၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး အလွှာကွာပြီး ဖေါင်းထွက်လာခြင်း( Dissecting aneurysm) စသဖြင့် ..

- RUQ ညာဘက် အပေါ်မှာအောင့်ရင် ဖြစ်တတ်တာတွေက- အသည်း ယောင်ခြင်း သည်းခြေအိတ် ကျောက်တည်ခြင်း ယောင်ခြင်း စသဖြင့်။
တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ - ကျောက်ကပ်ယောင်ခြင်း ၊ ညာဖက် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း။ညာဖက် အဆုပ် နဲ့ အမြှေးပါး ယောင်ခြင်း ။ နှလုံးကြောင့် အောင့်ခြင်း တို့ လည်း ဖြစ်နိုင်ပါတယ်။

- LUQ ဘယ်ဘက် အပေါ်မှာ အောင့်ခဲ့ရင် ။ Stomach -အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ကြောင့် အဖြစ်များပါတယ်။ ၊Pancreas မုန့်ချိုအိတ်( သရက်ရွက် ) ယောင်ခြင်း ကျောက်တည်ခြင်းသွေးယိုခြင်း၊ Spleen ဘေလုံးကြီးခြင်း၊ပေါက်ခြင်း၊ ပုတ်ခြင်း၊ Left Kidney ဘယ်ဖက် ကျောက်ကပ်ယောင်ခြင်း၊ ကျောက်တည်ခြင်း၊ Lt Pleurisy , Pneumonia ဘယ်ဖက် အဆုပ်နဲ့ အမြှေးပါးယောင်ခြင်း စတာတွေ ကြောင့်ဖြစ်နိုင်ပါတယ် ။ ထိခိုက်ဒါဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဝမ်းချုပ်တတ်သူများ အတွက် စဉ်းစားစရာကတော့ အူမကြီး အတွင်း စမြင်းတုံးများတစ်ဆို့ ခြင်း များလာရင် ဘယ်ဖက် ဝမ်းပိုက် အပေါ်နဲ့အောက်ပိုင်းတို့ မှာလည်း အောင့်တတ်ပါတယ်။

RLQ ညာဘက်အောက် မှာ ဖြစ်တတ်တာတွေက - အူအတက်ယောင်ခြင်း၊ ပေါက်ခြင်း ။

တချို့ အနည်းအကျဉ်းဖြစ်တတ်တာတွေကတော့ -ဆီးလမ်းကြောင်း ကျောက်တည်ခြင်း -(ခါးနောက်ဖက်ပိုင်းမှ ရှေ့ အောက်ဖက်သို့ ထိုးဆင်းပြီး အောင့်တတ်တယ် )။ အူကျခြင်း Hernia စသဖြင့်။

- ဆီးစပ်အထက် Suprapubic နေရာမှာ အောင့်နိုင်တာတွေက အူမကြီး နောက်ဆုံးအပိုင်း ပိတ်ဆို့ ခြင်း ယောင်ခြင်း၊ အူအတက် ယောင်ခြင်း ၊ ဆီးအိမ် ယောင်ခြင်း၊ အမျိုးသမီးများအတွက် မျိုးဥအိမ်၊ ဥပြွန်၊သားအိမ် ယောင်ခြင်း ၊ ပေါက်ခြင်း၊နေရာမှားပြီး သန္ဓေတည်ခြင်း ၊ ရာသီလာ၍ အောင့်ခြင်း။

- Periumbilicus ချက်ပတ်လည်နေရာ မှာ အောင့်စေတာတွေက အူသိမ် ပိတ်ဆို့  ယောင်ယမ်း ပုတ်ခြင်း၊ မုန့်ချိုအိတ်ယောင်ခြင်း၊ အူရှိသွေးကြောများ ပိတ်ဆို့ခြင်း mesenteric thrombosis , dissecting aortic aneyrysm ၊ တို့ကြောင့် ဖြစ် တတ်ပြီး ၊ အူ အတက် ယောင်ခြင်းရဲ့ ဦးစွာ အချိန်မှာ လည်း ဒီနေရာမှာအောင့်တတ်ပါတယ်။

- LLQ ဘယ်ဘက် အောက်မှာ အောင့်ရင်- စဉ်းစားရမှာတွေကတော့ အူယောင်ခြင်း၊ အူ ပိတ်ဆို့ ခြင်း ဥပမာ စမြင်းတုံး၊ အလုံးအကြိတ် ၊ အနာပေါက်ခြင်း၊ အူကျခြင်း၊ ဘယ်ဘက် ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း၊

အမျိုးသမီးများအတွက်ကတော့ ဘယ်ဖက် သို့မဟုတ်ညာဖက် အောက်ပိုင်းမှာနာရင်- မျိုးဥအိမ် ovary နဲ့ ဥပြွန် Fallopian tube မှာ ဖြစ်တတ်တဲ့ ယောင်ခြင်း၊အရည်အိတ်တည်ခြင်း ။ ပေါက်ထွက်ခြင်း ၊ ဥပြွန်မှာ သန္ဓေတည်ခြင်း ( Ectopic/Tubal pregnancy) ၊သားအိမ်ယောင်ခြင်း တို့လည်းဖြစ်နိုင်ခြေ ရှိကြောင်း ကို မမေ့သင့်ပါဘူး ။

တခါက ကြုံခဲ့ဖူးပါတယ် ။ အမျိုး သမီး တယောက် ဗိုက်အောင့်တယ်၊ အောင့်တဲ့နေရာက ဝမ်းဗိုက် အောက်ဖက်ပိုင်းမှာ ၊ သူက ဝမ်းတွင်း ကလီစာတွေ ဘယ်နေရာမှာ ဘာရှိမှန်းမသိ တော့ အစာအိမ်အောင့်တယ် လို့ ယူဆပြီး သူ့ ဟာသူ ပဲ အစာအိမ် လေထိုးလေနာပျောက်ဆေးတွေ သောက်ပါတယ်။ ၃ ရက် ကြာသွားတယ် ။မသက်သာဘူးပေါ့။ ဒီလို နဲ့ပဲ ဗိုက်ကြီးတပြင်လုံး မာတောင့်တောင့် နဲ့ မခံမရပ်နိုင်အောင် ဖြစ်ပြီး shock ရလာတော့ မှ ဆေးရုံ ရောက်လာတယ် ။ ကြည့်လိုက်တော့ ဝမ်းဗိုက်ခေါင်းထဲမှာ သွေးထွက်နေတဲ့ လက္ခဏာတွေပြလာလို့  အရေးပေါ် ခွဲစိတ်လိုက်ရတယ် ။ဖြစ်ရပုံကတော့ မျိုးဥပြွန်ဝ မှာ သန္ဓေတည်ခြင်းဖြစ် ပြီး ပေါက်သွားလို့  သွေးထွက်တာ ဖြစ်နေတယ်။ သူသာတကယ်လို့  common sense ရှိရင် သူ့ ဟာသူ ဘာဖြစ်နိုင်သလည်း ဆိုတာ တွက်ဆလို့ ရပါတယ်။ဒါဆိုရင် လိုအပ်မှန်ကန်တဲ့ ကုသမှုများ စောစောစီးစီးရယူနိုင်ပါတယ်။

ဒီလိုမျိုး ဗိုက်အောင့်တာဟာ ဝမ်းခေါင်းအတွင်းမှာ ရှိတဲ့ ကလီစာ အများကြီးထဲမှာ ဘယ်နေရာ ကစပြီး ပြသနာဖြစ်တာလည်း ဆိုတာကို တခါတရံတော့လည်း သေချာအတိအကျ အဖြေ မရှာနိုင်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဝမ်းတွင်းခေါင်း အမြှေးပါးယောင်ယမ်းပြီး Peritonitis ဗိုက်တပြင်လုံးဂျပ်ခဲကြီးဖြစ်နေတတ်တာမျိုး ၊ ဘာကြောင့်မှန်းသေချာ မသိပဲ သွေးဆိပ်တက် တဲ့ အခြေအနေမျိုးဆိုရင် Laparotomy & proceed ဆိုပြီး ဗိုက်ကို အရင်ခွဲပြီးမှ ရောဂါရှာကုသ ရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

နောက်ဆုံးပြောပြလိုတာကတော့ ဗိုက်နာတာ ကို ပေါ့ပေါ့နေပြီး ဆေးမြီးတိုနဲ့ အချိန်ဆွဲကုသမနေသင့်ပါဘူး။ နာနေတဲ့ ဗိုက်ကို နင်းနှိပ်ခြင်းမပြုသင့်ပါဘူး။ အစာအိမ်ယောင်ခြင်းကြောင့်အောင့် နေတာကို အကိုက်အခဲပျောက်ဆေးများ မစားသုံးသင့်ပါဘူး ။ ပိုပြီး ဆိုးဝါးစေနိုင်ပါတယ်။တတ်ကျွမ်းတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်များဆီ အချိန်မှီပြသပြီး အောင့်ရတဲ့ အကြောင်းရင်းကို စောစောစီးစီးရှာဖွေကုသသင့်ပါတယ် ။

ကျန်းမာရေး

.

Post a Comment